ရေစီးကမ်းပြိုလိုက်ခြင်းဆိုတာ ဘယ်လိုပြဿနာမျိုးလဲ
Periodontitis လို့ခေါ်တဲ့ ရေစီးကမ်းပြိုလိုက်ခြင်းဆိုတာ ဘက်တီးရီးယားပိုး ဝင်တာကြောင့် နောက်ဆက်တွဲ ပြင်းပြင်းထန်ထန် ရောင်ရမ်းတဲ့ သွားဖုံးရောဂါတစ်မျိုးဖြစ်ပြီး မကုသဘဲ ပစ်ထားမယ်ဆိုရင် သွားတွေအထိပါ ပျက်စီးလာတာ၊ သွားကျွတ်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ အဓိက ပိုးဝင်သွားတဲ့ သွားဖုံးနေရာမှာရှိတဲ့ တစ်ရှူးပျော့တွေကို ရောင်လာစေပြီး တဖြည်းဖြည်းနဲ့ သွားကိုအောက်ကနေ ပံ့ပိုးပေးထားတဲ့ အရိုးနုတွေကိုပါ ပျက်စီးဆွေးမြေ့လာစေနိုင်ပါတယ်။
ဘယ်လောက်ထိ အဖြစ်များလဲ?
အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက် (၃၀) နဲ့အထက် လူလတ်ပိုင်းအရွယ်တွေနဲ့ အသက်ကြီးပိုင်းတွေမှာ တော်တော်လေး အဖြစ်များပါတယ်။ ကျား၊ မ မရွေး ဖြစ်ပွားနိုင်ပြီး အသက် (၃၀) အောက်တွေမှာတော့ ဖြစ်နိုင်ခြေ တော်တော်လေး နည်းပါတယ်။
ဘယ်သူတွေမှာ ပိုအဖြစ်များလဲဆိုရင်တော့
- ခံတွင်းသန့်ရှင်းမှုမရှိသူတွေ
- သွားကျောက်၊ အရိအချွဲ ကပ်နေသူတွေ
- ဆေးလိပ်သောက်သူတွေ
- ဆီးချိုရောဂါရှိသူတွေ
- မိသားစုမျိုးရိုးလိုက်သူတွေ
- ဟော်မုန်းအပြောင်းအလဲ များသူတွေ
- ကိုယ်ဝန်ဆောင်သူတွေ
- တားဆေး စွဲသောက်နေသူတွေ
- ကိုယ်တွင်းအင်္ဂါတွေကို ရောင်ရမ်းစေတဲ့ Inflammatory ရောဂါ (အဆစ်အမြစ်ရောင်ရောဂါ၊ Covid-19) ရှိသူတွေမှာ တခြားသူတွေထက် ဖြစ်နိုင်ခြေ ပိုများပါတယ်။
သူ့ရဲ့လက္ခဏာတွေက ဘာတွေလဲ?
- သွားဖုံးတွေက နီရဲပြီး ရောင်နေတာ၊ ခရမ်းရောင်သမ်းနေတာ
- သွားဖုံးတွေကနေ မကြာခဏ သွေးထွက်လာတတ်တာ
- ခံတွင်းနံ့ဆိုး ထွက်တာ
- သွားတွေ ချောင်လာတာ
- သွားဖုံးလိုင်းတစ်လျှောက်မှာ ပြည်တည်ပြီး ပိုးဝင်နေတာ
- အစာဝါးစားနေစဉ် နာကျင်မှုဝေဒနာ ခံစားရတာ
- သွားတွေကြား နေရာခြားနေတာ စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်လဲ?
၁။ ရေစီးကမ်းပြိုလိုက်ခြင်းဟာ သွားဖုံးကို အဓိကဒုက္ခပေးတဲ့ ရောဂါဖြစ်ပြီး သူနဲ့ဆက်စပ်နေတဲ့ ခံတွင်းတစ်ခုလုံးကိုပါ အချိန်နဲ့အမျှ ဆွေးမြေ့ပျက်စီးစေနိုင်ပါတယ်။
၂။ ရေစီးကမ်းပြိုလိုက်နေတဲ့အခါ အမြဲလိုလို သွားဖုံးကနေ သွေးထွက်နေတတ်ပြီး နဂိုကတည်းက ခံတွင်းသန့်ရှင်းမှုမရှိတာကြောင့် ခံတွင်းအနံ့က ပိုဆိုးရွားလာနိုင်ပါတယ်။
၃။ သွားဖုံးရောင်ရောဂါ၊ ခံတွင်းကင်ဆာတွေအထိပါ ဖြစ်လာနိုင်ပါတယ်။
၄။ သွားဖုံးထဲ ဝင်သွားတဲ့ ဘက်တီးရီးယားပိုးက အတွင်းထဲက အရွတ်တွေ၊ အရိုးနုတွေ၊ တစ်ရှူးပျော့တွေကို တိုက်စားလိုက်သလို ကြာလာတဲ့အခါ သွားက အထောက်အပံ့မရှိတော့တာကြောင့် အလွယ်တကူ ကျိုးပဲ့ပြီး သွားကျွတ်နိုင်ခြေ ပိုများလာပါတယ်။
၅။ ဒါ့အပြင် ခံတွင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ရုတ်တရက်တက်တာ၊ စိတ်ဖောက်ပြန်တာတွေအပြင် တခြားရောဂါတွေကို ဖြစ်နိုင်ခြေ မြင့်တက်လာစေပါတယ်။
ဘယ်လိုကုသလို့ရမလဲ?
ပုံမှန်အားဖြင့် သိပ်မပြင်းထန်တဲ့အခြေအနေမှာတော့
- ပဋိဇီဝပိုးသတ်ဆေး ပေးတာ
- သွားအမြစ်ထဲထိ အနက်ရှိုင်းဆုံး သန့်ရှင်းပေးတာတွေနဲ့ ကုသပေးပြီး
ပြင်းထန်တဲ့ အခြေအနေမှာတော့
- PRP ကုထုံး
- ပိုးဝင်နေတဲ့ သွားဖုံးကို ခွဲစိတ်ဖယ်ရှားပေးတာ
- ခံတွင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွေနဲ့ ကုသပေးနိုင်ပါတယ်။
ရေစီးကမ်းပြိုရောဂါကို အမြစ်ပြတ်ကုသလို့မရပေမဲ့ စောစီးစွာ ကုသမှုခံယူမယ်ဆိုရင်တော့ ရောဂါကို ပိုမဆိုးလာအောင် သေချာထိန်းထားနိုင်မှာဖြစ်ပါတယ်။ ခံတွင်းနဲ့ဆက်စပ် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် နားလည်တတ်ကျွမ်းတဲ့ သွားနဲ့ခံတွင်းဆရာဝန်နဲ့ (၆) လ တစ်ကြိမ် ပုံမှန် သွားပြပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
ရဲမျိုးမြတ်